| မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ) | Dhamma Web | ||
| www.dhammaweb.net | |||
|
Sunday, 26th May 2013 1:46am. |
|||
|
တဏှာရုပ်နာမ်မှ ဗလာရုပ်နာမ်သို့ မိမိခန္ဓာကြီးသည် ငါ့ကိုယ် ငါ့ဟာ ငါ့ခန္ဓာမဟုတ်ဟု တရားနာခြင်း ဗုဒ္ဓစာပေများကို ဖတ်ရှုလေ့လာ သိရှိရုံသက်သက်ဖြင့်  သုညတ ဆိုက်ပါမည်လား။ သုညတဆိုက်ခြင်းမည်သည် အဘယ်သို့ ဖြစ်ခြင်းနည်း၊ မည်သို့ မည်ပုံဆိုက်သနည်း၊ တဏှာချုပ်ခြင်း မချုပ်ခြင်းနှင့် တဏှာချုပ်ခြင်းကြောင့် ရုပ်နာမ်ချုပ်ခြင်းသဘောတရားများ ဆက်စပ်နေပုံတို့ကို စာရေးသူ နားလည်သမျှ ဆွေးနွေးတင်ပြပါဦးမည်။ စိန်အကြောင်း ကျောက်အကြောင်း နားလည်သော စိန်ပွဲစားတစ်ယောက်ထံ လာပြသော စိန်ထည်များကို ဤကား အရည်အသွေးကောင်း၏ အဖိုးတန်၏။၊ ဤကား အရည်အသွေးညံ့၏ဟု ကွဲကွဲပြားပြား သိသည်။ ထိုသို့ အရှိကို အရှိတိုင်း သိမြင်ခြင်းကို သမုတိနယ်အတွင်းမှ ယျထာဘူတကျသော အမြင်ဖြစ်သည်။ အကယ်၍ ၄င်းစိန်ပွဲစား ၀ယ်ယူလိုက်သော အဖိုးတန်စိန်ထည်ကို အရောင်းအ၀ယ်ဖြစ်ပြီး ငွေအကြေချေပြီးမှ ပုံစံတူစိန်ထည် အတုတစ်ခုနှင့် အလိမ်ခံလိုက်ရသည် ဆိုပါစို့။ စိန်ပွဲစား၏စိတ်တွင် ဤကားအတုပင်တည်းဟု သိရုံသက်သက်ဖြင့် ပြီးသွားပါ့သလား။ သိသည်နှင့် ချက်ချင်း စိတ်သည် ယောက်ယက်ခတ်သွားနိုင်ပါသည်။ ဆုံးရှုံးမှုအတွက် ကျေကွဲဝမ်းနည်းသော ဒေါမနဿ၊ လိမ်သူအပေါ် ပျက်စီးစေလိုသော ဒေါသများ၊ အစစ်ကို ပြန်လိုချင်သည့် လောဘစသော ကိလေသာမီးများတောက်လောင်ပြီး သတိတရား လက်ကိုင်မထားသူဆိုလျှင် ရူးမတတ်ပင် ခံစားရနိုင်ပါသည်။ ဘာကြောင့် ဤသို့ဖြစ်ရပါသနည်း။ ပစ္စည်းများကို မိမိနှင့် မပတ်သက်ခင်တွင် ဤကား အစစ်၊ ဤကားအတု။ ဤကား အဖိုးထိုက်၏၊ ဤကား ညံ့၏ဟု သိရုံမှ အပ မည်သို့မျှ စိတ်မှာ မခံစားရသော်လည်း မိမိပိုင်ပစ္စည်းအဖြစ် ရှုမြင်သောအခါ အဖိုးထိုက်တန်လျှင် ငါ့ပစ္စည်း သူများထက် သာသည်။ ငါသာလျှင် ဤအရာမျိုး ပိုင်ဆိုင်သည်ဟူသော မာန၊ ဤပစ္စည်းသည် ရှုချင်စဖွယ်၊ လိုချင်စရာဟုထင်သော တက်မက်စွဲလမ်းသည့် တဏှာလောဘဖြစ်ပြီး မိမိပစ္စည်းက အတုဟု သိသွားလျှင် ဒေါမနဿ၊ ဒေါသ၊ ပရိဒေ၀ စသည်တို့ စိတ်မှာ ၀င်ရောက်ပူးကပ် ချယ်လှယ်ခြင်း ခံရတော့သည်။ ပစ္စည်းကား မည်သူလက်မှာရှိရှိ မပြောင်းလဲသောလည်း ရှုမြင်သူ၏ စိတ်မှာကား မတူ။ အခြေအနေပေါ်မူတည်၍ ရှုမြင်ပုံ အမျိုးမျိုး ကွဲသည်။ အရင်းစစ်သော် ငါ့ကိုယ်၊ ငါဟာ၊ ငါသာပိုင်နိုင်သည်ဟူသော ဒိဌိ တဏှာ မာန ပပဉ္စတရားများ ကပ်ညှိနေသောကြောင့် မဟုတ်ပါလော။ တဏှာ မာန ဒိဌိ မကပ်ညှိသောစိတ်ဖြင့် ပိုင်းဖြတ်လျှင် မိမိနှင့် ဆက်စပ်နေသော သက်ရှိ သက်မဲ့ အားလုံး မိမိခန္ဓာအပါအ၀င် ငါ့ကိုယ်၊ ငါဟာ၊ ငါဥစ္စာဟု မရှုမြင်တော့ပေ။ ပုထုဇဉ်တွေအဖို့ လက်တွေ့တွင် အလွန်တရာခက်ခဲသော မဖြစ်နိုင်သော ရှုမြင်ပုံမျိုးဟု သဘောပိုက်မိကြလိမ့်မည်။ သို့သော် ထိုသို့ရှုမြင်နိုင်သော ပုဂ္ဂိုလ်များ လောကတွင် ရှိခဲ့သည်။ ရှိနေဆဲ၊ ရှိလတ္တံဟု ဆိုနိုင်ပါသည်။ မိုးကုတ်ဆရာတော်ကြီးရှိစဉ်က ကျောင်းအမကြီး ဒေါ်ဖုံက လျှောက်ထားဘူးပါသည်။ “အရှင်ဘုရားကို မုန်းကြတယ် ဘုရား” “ဟုတ်လား ကျုပ်ကို မုန်းကြသတဲ့လား” “တင်ပါဘုရား.. အရှင်ဘုရား ပြောပုံဆိုပုံတွေကို မကြိုက်ကြလို့တဲ့ ဘုရား” “အော်…သူတို့တွေ ကျုပ်ကို ခုမှ မုန်းကြတာပါ။ ကျုပ်က ကျုပ်ကိုကျုပ် မုန်းနေတာ ကြာပြီ” ဟု မိန့်ခဲ့ဘူးကြောင်း တဘ၀သာသနာစာအုပ်တွင် ဖော်ပြထားပါသည်။သာမန်သဘောဖြင့် ပေါ့ပေါ့တန်တန် ပြောသလိုထင်ကြမည်။ အမှန်မှာ အဓိပ္ပါယ် လေးနက်သည်ဟု ထင်မြင်မိပါသည်။ အများမြင်သလို ကိုယ့်ခန္ဓာကို ငါ့ကိုယ်ငါ့ဟာဟု မမြင်တော့ဟု ဆိုလိုခြင်း မဟုတ်ပါလား။ ဤသို့ ရှုမြင်နိုင်အောင် ကျင့်ရမည့်နည်းကို မြတ်စွာဘုရားရှင်ကဟောကြားခဲ့ပြီး ဖြစ်ပါသည်။ သက်မဲ့ ကမ္ဘာကြီး၏ ဆွဲငင်အား စက်ကွင်းမှလွတ်ရန် အာကာသသို့ ရောက်သည်အထိ ဒုံးယာဉ်စီး၍ ရုန်းထွက်ရသလို သင်္ခတနယ်အတွင်းရှိ သက်ရှိတို့သည်လည်း တဏှာစက်ကွင်းမှ လွတ်ဖို့ အသင်္ခတနယ်ရောက်သည်အထိ မဂ္ဂင်ယာဉ်စီး၍ ရုန်းထွက်ရသည်။ ဤနည်းမှတစ်ပါး အခြား မရှိ။ ၀ိပဿနာ တရားအားထုတ်နေသော ယောဂီသည်ပင် ရုပ်ကိုဖြစ်စေ၊၊ စိတ်ကိုဖြစ်စေ၊ ဝေဒနာကို ဖြစ်စေ ရှုခါစတွင် နီဝရဏများ မကွာကျသေး။ အရှိနှင့် အသိ မထပ်သေး။ ဤရုပ်တွေ ဤစိတ်တွေ ဤဝေဒနာတွေသည် ငါ့ကိုယ် ငါ့ဟာ ငါ့ခန္ဓာမဟုတ်ဟု ဉာဏ်သိ မဖြစ်သေး။ အာရုံရုပ်ကို ရှုသောသူသည် အတုံးအခဲ အစိုင်အခဲသဘောဖြင့် မြင်နေသရွှေ့ စိတ်ကို ရှုသူတို့သည်လည်း ရှေ့စိတ်နှင့် နောက်စိတ်ကြား ကိလေသာ ကြားခိုနေသေးသရွှေ့ ဝေဒနာရှုသူသည်လည်း ဝေဒနာကို မခွာနိုင်သေးသရွှေ့ ငါရှိနေသေးသည်ဟု မှတ်သားဘူးပါသည်။ ၀ိပဿနာရှုနေသောပုဂ္ဂိုလ်သည် ပူ၊ အေး၊ လှုပ်ရှား၊ လေး၊ ပေါ့၊ ယိုစီး သဘောတရားလေးတွေက ပေါ်ပျောက်ဖြစ်နေတာ ဉာဏ်တွင် ထင်လာတဲ့အခါ ရှေ့စိတ်ပျက်တာ နောက်စိတ်က သိသိလာတဲ့အခါ ဝေဒနာကို ရှုသော်လည်း ဝေဒနာမတွေ့ ဝေဒနာတွေ ဖြစ်ပျက်သွားတာသာ မြင်လာရသောအခါ အရှိနဲ့ အသိ အံကျဖြစ်လာပါပြီ။ အရှိနှင့် အသိ အံကျလေး ဖြစ်လာသောအခါ သူ့သဘောသူဆောင် ဖြစ်ပျက်နေသော ရုပ်နာမ် တို့ကို အလိုက်သင့် ထိုင်ကြည့်နေသလို ဉာဏ်မှာထင်လာတော့သည်။ မူလက ငါကိုယ် ငါ့ဟာဟု သိနေသော အရှုခံ ရုပ်နာမ်တို့ ဖြစ်ပျက်ပြောင်းလဲနေမှုသည် ရုပ်ရှင်ကြည့်သကဲ့သို့ ပိတ်ကားပေါ်မှ ပြနေသည့် ပြကွက်တစ်ခုလို ပွဲကြည့်ပရိတ်သတ်ဖြစ်သည့် ရှုဉာဏ်က သိနေသည်။ အရှုခံရုပ်နာမ်တို့ကို သူ့သဘောသူဆောင် ဖြစ်ပျက်နေပါလားဟု ရှုမြင်လာသည်။ မြင်သည်ဆိုရာဝယ် ရုပ်နာမ် ဖြစ်ပျက်တို့သည် သိမ်မွေ့လွန်း၍ မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်တို့ဖြင့် ထိသိ ခံစားသိခြင်းမျိုး မဟုတ်ပါဟု မိုးကုတ်ဆရာတော်ကြီးက မိန့်ပါသည်။ ပရမတ်တို့၏သဘောကို သာမန်မျက်စိဖြင့် မမြင်ရပါ။ မနောဒွါရတွင် အရိပ်နမိတ် ထင်လာခြင်းမျှသာ။ ယင်းသို့ မြင်ခြင်းသည် အရှိကို အရှိတိုင်းမြင်ခြင်းဖြစ်၍ ပရမတ္ထနယ်အတွင်းမှ ယထာဘူတအမြင်ဟု ခေါ်ပါသည်။ ထိုအခါမှသာ ပေါ်သမျှ အာရုံကို ငါ့ကိုယ် ငါ့ဟာ မမြင်တော့။ ငါကွာကျတော့သည်။ အထက်တွင် ဖော်ပြခဲ့သလို ဤကားအတု ဤကားအစစ်ဟူသော သမုတိနယ်အတွင်းမှ ယျထာဘူတကျသော အမြင်က အရှိကို အရှိတိုင်းသိခြင်း တူသော်လည်း ဃနဖုံးနေသောကြောင့် သာယာစရာ ရှုချင်စရာ ချင်တွယ်စရာဟူသော စိတ်ကဖြစ်နေသေးသည်။ ဃနကွာကျပြီး ပရမတ်ရုပ်နာမ်တို့ အဖန်ဖန် တလဲလဲ ဖောက်ပြန်ပျက်စီးနေမှုကို ရှုဖန်များလာသောအခါမှ ရှုချင်စရာလို့ ခင်တွယ်စရာဟု မမြင်တော့ပဲ တစ်စိမ်းဆန်ဆန် ဖြစ်လာတော့သည်။ တွယ်ညှိမှု မရှိတော့။ ရှုမြင်ပါများတော့ ငြီးငွေ့မှုဖြစ်လာသည်။ ငြီးငွေ့မှု ဆိုရာတွင် သူသေကိုကြည့်ပြီး အနိစ္စပါတကား၊ နာကျင်ခံစားနေရသူတွေမြင်၍ ဒုက္ခပါတကားဆိုသော သံဝေဂဉာဏ်ဖြင့် ငြီးငွေ့ခြင်းမျိုး မဟုတ်။ ရုပ်နာမ် ပရမတ်တို့၏ ဖြစ်ပျက်ကို မြင်ရဖန်များ၍ ၀ိပဿနာဉာဏ်ဖြင့် ငြီးငွေ့ခြင်းသဘော၊ နိဗ္ဗိန္ဒဉာဏ်ဟု ခေါ်ပါသည်။ ပညတ်အာရုံများအပေါ် ငြီးငွေ့မှုမှာ အာရုံအသစ်အသစ်များကို အစားထိုးယူလိုက်တိုင်း ငြီးငွေ့မှု ပျောက်သွားပါသည်။ ရုပ်နာမ် ဖြစ်ပျက်ကို ပကတိအတိုင်း ပရမတ္တ ရှုမြင်နေသော ယောဂီအဖို့ မည်သည့်အာရုံပဲ ပေါ်ပေါ် ပညတ်အာရုံ မထင်လာတော့။ ရုပ်နာမ်တို့၏ ဖြစ်ပြီးပျက်တတ်သော သဘောသဘာဝသာလျှင် မပြတ်ထင်ရှားနေတော့သည်။ ထိုကြောင့် အာရုံမှန်သမျှတို့ကို မရှုမြင်လိုသော နိဗ္ဗိန္ဒဉာဏ်ပေါ်လာပြီး တဏှာမဖက် ဉာဏ်သက်သက်ဖြင့် ရှုနေရာမှ ရုပ်နာမ်တို့ ကင်းဆိတ်သည့် သုညတနိဗ္ဗာန်သို့ မဂ်ဉာဏ်နှင့်အတူ ဆိုက်ရောက်သွားတော့သည်။ သုညတဆိုက်ခြင်းသည် ကိလေသာ ကင်းစင်ခြင်း၊ တဏှာ ချုပ်ခြင်း ဖြစ်ပါသည်။ တဏှာစွန့်သည်နှင့် ရုပ်နာမ်ပါချုပ်တော့သည်။ တဏှာကော ရုပ်နာမ်ပါချုပ်သောအခါ ရှုဉာဏ်သည် သုညတနိဗ္ဗာန်နှင့် တည့်သွားတော့သည်။ တဏှာရုပ်နာမ်မှ ဗလာရုပ်နာမ်သို့ ကူးခြင်း ဖြစ်ပါသည်။ သုညတသဘောကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်းသိလိုက ဘုရား ရဟန္တာတို့၏ အဆုံးအမတွင်သာ လမ်းဆုံးနေရုံဖြင့် မသိနိုင်။ မိုးကုတ်ဆရာတော်ကြီးက သူများ ပါးစပ်မှာ လမ်းမဆုံးစေနဲ့ဟု ပြတ်ပြတ်သားသား မိန့်ကြားသွားတဲ့အတွက် ခန္ဓာဉာဏ်ရောက် ဖြစ်သည်အထိ အားထုတ်သွားကြပါစို့ဟု အကြံပြု တိုက်တွန်းလိုပါသည်။ ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ။ ပြေဇော် http://pyayzaw.phpnet.us |
|||||||||||
ရုပ်နှင့်နာမ် နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
|
||||||||||||
Dhamma Web |
||||||||||||