မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Wednesday, 1st March 2017 10:43am.
line decor
သံဃရတနာ - by အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်၊ အရှင်ဇနကာဘိဝံသ - Short, Simple and Easy to Remember Dhamma Note, DhammaWeb သံဃရတနာ by အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်၊ အရှင်ဇနကာဘိဝံသ
Untitled Document

သံဃရတနာ (အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်၊ အရှင်ဇနကာဘိဝံသ)

သံဃာ ၂ မျိုး

“သံဃ” ဟူသော ပါဠိစကားသည် “အပေါင်း=အသင်း=အဖွဲ့=အစည်းအရုံး” ဟူသော အဓိပ္ပာယ်ကိုပြ၏။ ထိုသံဃာတော်သည် “ပရမတ္ထသံဃာ၊ သမ္မုတိသံဃာ” ဟု ၂ မျိုးရှိ၏။

“သုပ္ပဋိပန္နတာ” စသော ဂုဏ်တော်များ နှင့် ပြည့်စုံ၍ အရိယာဖြစ်ပြီးသော သံဃာတော်များသည် ပရမတ္ထသံဃာတော်မည်၏။ [ပရမတ္ထ=အစစ်အမှန် မဖောက်ပြန်နိုင်သော ရဟန်းတော် သံဃာတော်အဖြစ်မှ ပြောင်းလဲ၍ လူအဖြစ်စသည်သို့ ဘယ်နည်းနှင့်မျှ မရောက်နိုင်သော+သံဃ=အရိယာအပေါင်းအဖွဲ့။] သုပ္ပဋိပန္နတာအစရှိသော ဂုဏ်တော်များနှင့် အထိုက်အလျောက် ပြည့်စုံနိုင်၍ အရိယာသံဃာများနှင့် ၀ိနည်း သိက္ခာအကျင့်တူသောကြောင့် “သံဃာ” ဟု သမုတ်အပ်သော (အစစ်အမှန် မဟုတ်တတ်သော) သံဃာတော်သည် သမ္မုတိသံဃာ မည်၏။ [သမ္မုတိ=(အစစ်အမှန်မဟုတ်) အများသမုတ်အပ် အသိအမှတ်ပြုအပ်သော+သံဃ=ပုထုဇဉ် ရဟန်းတော်များ၏ အပေါင်းအဖွဲ့။]

ပရမတ္ထသံဃာ အာရုံပြုရမည့်ကိစ္စ

“သံဃံ သရဏံ ဂစ္ဆာမိ” ဟု သရဏဂုံဆောက်တည် ကိုးကွယ်ရာ၌ ရည်စူးရမည့် “သံဃ” ဟူသည် ပုထုဇဉ်သံဃာ မဟုတ်၊ အရိယာသံဃာများသာတည်း။ ဆတ္တမာဏ၀က၀ိမာန၀တ္ထု၌ ဗုဒ္ဓရှင်တော်ကိုယ်တိုင် “အရိယာသံဃာတော်ကို ကိုးကွယ် ဆည်းကပ်လော့” ဟု သရဏဂုံ ပေးတော်မူသည်။ သံဃာ့ဂုဏ်တော်များကို ရည်မှန်း၍ သံဃာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းသောအခါ၌လည်း “သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ပ ၊ ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ” စသည်ဖြင့် အရိယာသံဃာတော် ရှစ်မျိုး၏ “သုပ္ပဋိပန္နတာ=ကောင်းစွာကျင့်ခြင်း” စသော ဂုဏ်တော်ကို အာရုံပြုရသည်။

ရတနာသုတ်ပရိတ်တော်လာ သံဃာရတနာ ဟူရာ၌ “ယေပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊ စတ္တာရိ ဧတာနိ ယုဂါနိ” စသည်ဖြင့် အရိယာသံဃာတော်ကိုသာ “သံဃာရတနာ” ဟု ဟောတော်မူသည်။ ကျမ်းပြုဆရာတော်များ ကျမ်းမပြုမီ သံဃာကိုရှိခိုးကြရာ၌လည်း “နတွာ သံဃံ နိရင်္ဂဏံ=ကိလေသာအညစ်အကြေး ကင်းဝေးတော်မူသော အရိယာသံဃာတော် ကိုရှိခိုးကြပြီး၍” ဟု ပဏာမ ပြုကြရသည်။

သံဃာ ၂ မျိုးလုံးဆိုင်သော ကိစ္စ

သံဃိက ဒါန (ကျောင်းလှူ၊ ဆွမ်းလှူ စသောအလှူ) ပြုရာဝယ် ရည်စူးရမည့် သံဃာ၌ကား ပရမတ္ထသံဃာတော် လည်း ပါဝင်၊ ပုထုဇဉ်သမ္မုတိသံဃာများလည်း ပါဝင်ကြသည်။

ယခုကာလ စေတီပုထိုး ရုပ်ပွားဆင်းတုတော်များ အား ပူဇော်ကြရာ၌ သက်တော်ထင်ရှား ဘုရားရှင်ကိုပါ ရည်စူး၍ ပူဇော်နိုင်ကြသကဲ့သို့ ထို့အတူ ဆွမ်း ကျောင်း စသော ပစ္စည်းလေးပါးကို လှူဒါန်းကြရာ၌လည်း မိမိဆွမ်းလှူအပ်သော သံဃာတွင် ပုထုဇဉ်ချည်း ဖြစ်စေကာမူ သံဃိကဒါနဖြစ်အောင် ရည်မှန်းနိုင်ပါမူကား သူ၏အာရုံပြုရာ သံဃာများတွင် အရိယာဖြစ်ပြီးသော သံဃာများလည်း ပါဝင်နိုင်၏။ အခါတစ်ပါး၌ ဗုဒ္ဓရှင်တော်အထံသို့ သူကြွယ်တစ်ယောက်ရောက်လာ၏။ ရှင်တော်မြတ်က “သင်တို့အမျိုး၌ အလှူအဒါန်းပေးကမ်းကြရဲ့လားဟုမေးတော်မူရာ “အလှူအဒါန်းပေးကမ်း လှူဒါန်းပါကြောင်း။

သို့သော် တောကျောင်းဘုန်းကြီးများ ဓူတင်ဆောင်ဘုန်းကြီးများနှင့် ရဟန္တာဖြစ်ပြီးပုဂ္ဂိုလ်၊ ရဟန္တာဖြစ်အောင် ကျင့်နေသောပုဂ္ဂိုလ်များကိုသာ လှူဒါန်းပါသည်” ဟု လျှောက်လေရာ အိမ်ရာ တည်ထောင် လူ့ဘောင်မှာနေသူက “ဤဘုန်းကြီးသည် ရဟန္တာပဲ၊ ရဟန္တာဖြစ်အောင် ကျင့်နေသူပဲ” ဟု သိနိုင်ဖို့ ခဲယဉ်း၏။ တောကျောင်းနေသူတိုင်း ဓူတင်ဆောင်တိုင်း (စိတ်ရင် မကောင်းလျှင်) မချီးမွမ်းထိုက်၊ စိတ်ရင်းကောင်းနေလျှင် ရွာနီးကျောင်းနေသူ ဓူတင်မဆောင်သူများကိုလည်း ချီးမွမ်းထိုက်၏။ ထို့ကြောင့် “သံဃာတော်ကိုသာ ရည်မှန်း၍ လှူဒါန်းလေ” ဟု မိန့်တော်မူသည်။

သာသနာ့ ၀န်ဆောင်များ

ပရမတ္ထသံဃာ ဖြစ်ဖြစ်၊ သမ္မုတိသံဃာဖြစ်ဖြစ် သာသနာ့တာဝန်ကို ရွက်ဆောင်ခဲ့ကြသော ပုဂ္ဂိုလ်ဖြစ်လျှင် ယခုခေတ်လူများအထိ ကျေးဇူးများလှပေ၏။ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာစသော ပုဂ္ဂိုလ်များသည် ပရမတ္ထသံဃာအဖြစ်ဖြင့် သာသနာ့ဝန်ကို ဆောင်တော်မူခဲ့ကြ၏။ အဋ္ဌကထာအကျယ်ကို အကျဉ်းချုံး၍ စီရင်သော အရှင်ဗုဒ္ဓဃောသ၊ မူလ ဋိကာဆရာ အရှင်အာနန္ဒာ၊ အနုဋီကာဆရာ အရှင်ဓမ္မပါလ စသော ဆရာတော်များသည် သမ္မုတိသံဃာအဖြစ်ဖြင့် သာသနာ့ဝန်ကို ဆောင်ခဲ့ကြ၏။ ထို့ကြောင့် ထိုသာသနာ့ဝန်ဆောင်ထိပ်ခေါင်တင်သံဃာများ၏ အကြောင်းကို အကျဉ်းမျှ ထုတ်ပြပါမည်။

အရှင်မဟာကဿပ

အရှင်မဟာကဿပ၏ အကြောင်းအရာကို စဉ်းစားရသည်မှာ ကြက်သီးထလောက်အောင် အရသာ ရှိပါပေ၏။ စိတ်အား တက်ကြွ အားရဖွယ်တွေ အတုယူဖွယ် သံဝေဂဖြစ်ဖွယ်တွေ များလှပေ၏။ သာသနာပကာလ၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို ကိုးကွယ်ဆည်းကပ်နေသော နန္ဒမင်းဘ၀မှ (ပစ္စေကဗုဒ္ဓါများ ပရိနိဗ္ဗာန်စံကြသောအခါ သံဝေဂရ၍ မင်းမိဖုရား နှစ်ပါးလုံးတို့) ရသေ့ရဟန်းပြုလုပ်ကာ တရားအားထုတ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်ကြပြီးနောက် ငါတို့ဘုရားရှင် ပွင့်တော်မူချိန် ဗြဟ္မာ့ပြည်မှ စုတေခဲ့ကြ၍ ဗြာဟ္မဏသူဋ္ဌေးမျိုး၌ “ပိပ္ပလိ” ဟူသော နာမည်ဖြင့် ထင်ရှားသော သတို့သားဖြစ်လေသည်။ အနွယ်အားဖြင့် ကဿပအနွယ် ဖြစ်သောကြောင့် ကျမ်းစာတို့၌ အရှင်မဟာကဿပဟုထင်ရှား၏။

ပိပ္ပလိ သတို့သား အသက် ၂၀ အရွယ်ရောက်သောအခါ ထို သတို့သားတစ်ယောက်တည်း ရှိသော မိဘများက လက်ထပ်ဖို့ရန်ပြောကြ၏ ၊ ကာမ စိတ်သန့်ရှင်းသော ဗြဟ္မာ့ပြည်မှ စုတေလာခဲ့သူဖြစ်၍ ကာမမှုကို စက်ဆုပ်ရွံ့ရှာရကား အခါခါ ငြင်းဆန်၍ တောထွက်ရန်သာ ဇွဲသန်သန် ပြောနေ၏။ မိခင်ကြီးကား မိမိတို့ ပစ္စည်းများ အမွေခံမရှိလျှင် မင်း ဘဏ္ဍာဖြစ်ရစ်မည်စိုး၍ အမျိုးမျိုးဖျောင်းဖျ ပြောဆိုလေရာ ပန်းပုသမားထံ အလှဆုံးရွှေရုပ်ကို အထုခိုင်း၍ ထိုရွှေရုပ်လောက်ချောသူကိုရမှ လက်ထပ်မည်ဟု ပြောလေသည်။ (မရနိုင်ဘူးထင်၍ ပြောခြင်း ဖြစ်သော်လည်း) မိခင်ကြီးကား အားမလျော့။

“ငါ့သား ကောင်းမှုပြုစဉ်တုန်းက တစ်ယောက်တည်းပြုခဲ့မှာ မဟုတ်ဘူး၊ ကောင်းမှုပြုဖက် အမျိုးသမီးဟာ ဒီရွှေရုပ်လောက် ချောမှာပေါ့” ဟု ယူဆ၍ ဗြာဟ္မဏရှစ်ယောက်ထံ ရွှေရုပ်ကိုအပ်နှံကာ ချွေးမလောင်း အရှာခိုင်းလေတော့သည်။
နန္ဒမင်းဘ၀ မရောက်ခင်ကပင် မကြာမကြာ ရေစက်ဆုံလာသော အမျိုးသမီးသည် နန္ဒမင်း၏မိဖုရားဘ၀၌ အတူတကွ ရသေ့လုပ်ခဲ့ကြ၍ ဗြဟ္မာ့ပြည်ရောက် ၊ ထို့နောက် လူ့ပြည်မှာ မိန်းမချော မိန်းမလှ အများဆုံး ထွက်သော (ပဘာဝတီတို့ တိုင်းပြည်ဖြစ်ခဲ့သော) မဒ္ဒရာဇ်တိုင်း ဗြာဟ္မဏသူဌေးမျိုး၌ ဖြစ်လျက်ရှိရကား ဗြာဟ္မဏ ရှစ်ယောက်တို့ မဒ္ဒရာဇ်တိုင်းအရောက်တွင် တစ်ဆယ့်ခြောက်နှစ်အရွယ် သူတော်စင် “မယ်ဘဒ္ဒါ” ကို တွေ့ကြ၍ ထိုရွှေရုပ်ကို အပ်နှင်းကာ စေ့စပ်ကြောင့်လမ်း၍ ပြန်သွားကြလေသည်။

ထိုအကြောင်းကို သတို့သား သတို့သမီးတို့ အသီးသီး ကြားသိရလျှင် စိတ်အဆင်းရဲကြီး ဆင်းရဲသွား ကြတော့၏။ သတို့သား စဉ်းစားသည်မှာ “ငါသည် ထိုရွှေရုပ်လို အမျိုးသမီးကို မရနိုင်ဘူး ထင်ခဲ့၏ ၊ ယခုသော် ရ ပြီဟု ပြောကြသည် ၊ ဘာပဲဖြစ်ဖြစ် မိဘကွယ်လွန်လျှင် တောထွက်မည် အမှန်ပင် ဖြစ်ရကား သတို့သမီးလေး စိတ်ဆင်းရဲရစ်ရှာတော့မည်၊ ကိစ္စ မလွန်ခင်က သတိပေးရလျှင် သင့်တော်စရာရှိရဲ့” ဟု စဉ်းစား၍ တိတ်တိတ်ပုန်း စာရေးသည်မှာ “အို ဘဒ္ဒါ၊ နှမအတွက် ဂုဏ် အသရေချင်း တူမျှသော အမျိုးသားကို ရပါစေ” ဟု ဆုတောင်းပါသည်။ ကျုပ်တော့ မိဘများ ကွယ်လွန်လျှင် အမှန်ပင် ရဟန်းပြုရပါလိမ့်မည်။ နောင်တ မရဖို့ရန် ယခုက သတိပေးပါသည်” ဤသို့စာရေး၍ လူယုံတော်ကို စေလွှတ်လိုက်လေသည်။

အမျိုးသမီးလည်း ထိုစာအတိုင်းပင် စဉ်းစား၍ မိမိလက်မထပ်လိုသောစာကို ရေးသားစေလွှတ်လေရာ ထိုစေတမန် ၂ဦး တို့ ခရီးအကြားမှာ တွေ့ကြ၍ အကျိုးအကြောင်းမေးကာ (၀မ်းမြောက်ကျေနပ်ကြောင်း ကြင်ကြင်နာနာရေးသားကြလိမ့်မည်ဟုထင်၍) ပေးလိုက်သောစာကို သဘောတူဖွင့်၍ ဖတ်ကြည့်သောအခါ သူတို့ ထင်ကြေးနှင့်မကိုက်သော စာ ၂ စောင်ကို ဆုတ်ပြီးလျှင် သဘောတူ ကျေနပ်ကြောင်း စာကိုသာ ပြင်ဆင်ရေးသား၍ ပို့ကြလေသတဲ့။ ဤသို့အားဖြင့် ကာမစိတ်ကင်းရှင်းနေသော ရေစက်ဟောင်း ၂ဦးတို့ လက်မထပ်ချင်ဘဲနှင့် လက်ထပ်ပွဲဝင်ကြရလေသည်။

လက်ထပ်ပြီးနောက်၌ အိပ်ရာဝင်ချိန် မရောက်မီကပင် ပန်းကုံးများကို ကုံးစေပြီးကာ အိပ်ရာအလယ်၌ ချထား၍ အိပ်ရာ ၀င်ကြသောအခါ “ပန်းကုံးကို မထိတမ်းနော်၊ ညှိုးတဲ့ပန်းကုံးရှင်ဟာ စိတ်မစင်ကြယ်လို့ပဲ” ဟု ပြော၍ ပန်းကုံးခြားလျက် အိပ်စက်ကြလေသည်။ သို့သော် တစ်ယောက်နှင့် တစ်ယောက် ထိမိမည်စိုးသောကြောင့် စိတ်ချလက်ချ အိပ်မပျော်ကြ။

ဤနည်းအားဖြင့် အိမ်ရာထောင်၍ လူ့ဘောင်မှာ နေကြသော်လည်း ကာမစိတ်ဓာတ် လွတ်လပ်စင်ကြယ်ရကား မောင်နှမအရင်းပမာ တစ်ဦးနှင့်တစ်ဦး အထူးကြင်နာစွာ နေထိုင်ကြပြီးနောက် မိဘတို့ ကွယ်လွန်သောအခါ စည်းစိမ်ဥစ္စာကို ထိန်းသိမ်းစီမံရင်း သံဝေဂဖြစ်ကြ၍ သဘောတူ တောထွက်ကြလေသည်။ သို့သော် ထိုအချိန်အခါ၌ “ဗုဒ္ဓ” ရှိသည် ဟူသော သတင်းကို သူတို့ မသိရသေးသဖြင့် “လောက၌ ရဟန္တာအစစ် ဖြစ်ပြီးသူကို ရည်မှန်း၍ ထိုသူ့အထံ တပည့်ခံဖို့ရာ ငါတို့ ရဟန်းပြုပါသည်” ဟု ပြောဆိုကာ ရဟန္တာအစစ်ကို ရှာသောအားဖြင့် တောထွက်ခဲ့ကြခြင်း ဖြစ်သည်။

တောထွက် လာခဲ့ကြပြီးနောက် လမ်းနှစ်ခွသို့ရောက်သောအခါ အရှင်ပိပ္ပလိသည် ရပ်တန့်၍ “ဘဒ္ဒါ … သင်ကဲ့သို့ ရုပ်အဆင်း အထက်တန်းကျသော ရသေ့မတစ်ယောက် နောက်က ပါနေသည်ကို မြင်ရသူတို့က “သူတို့နှစ်ယောက် ရသေ့ရဟန်းပြုပြီးသော်မှလည်း မခွဲနိုင် မခွာရက်ကြ” ဟု အပြစ်မြင်ကြလိမ့်မည်၊ သင်အလိုရှိရာ လမ်းကိုယူပါ၊ ငါတို့ နှစ်ယောက်လမ်းခွဲကြစို့” ဟု မိန့်တော်မူရာ မယ်ဘဒ္ဒါကလည်း “မှန်ပါတယ်၊ လူအများ အပြစ်မြင်စရာ ဖြစ်နေပါတယ်၊ နှမက လက်ဝဲဘက်လမ်းကို လိုက်သွားပါ့မယ်၊ အရှင်က လက်ယာလမ်းကို ကြွပါ” ဟု လျှောက်၍ အလွန်ရိုသေစွာကန်တော့ရာ မြေစောင့်နတ်များ မနေနိုင် မထိုင်နိုင်ဖြစ်၍ ဤမဟာပထ၀ီမြေကြီးသည် သွက်သွက်ခါအောင် တုန်လှုပ်လေသည်။

ဗုဒ္ဓနှင့် တွေ့တော်မူပုံ

ထို မြေလှုပ်ခြင်း၏ အကြောင်းကို ဗုဒ္ဓရှင်တော် ဆင်ခြင်တော်မူသောအခါ သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် သားတော်ကြီး အလောင်း ပိပ္ပလိသတို့သား နှင့် မယ်ဘဒ္ဒါတို့ ထွက်လာ၍ လမ်းခွဲကြကြောင်းကို သိတော်မူသဖြင့် ပိပ္ပလိအရှင် လာမည့်လမ်းသို့ ၃ ဂါ ၀ုတ်ဝေးအောင် ခရီးဦးကြိုပြုကာ ပညောင်ပင်အောက်၌ ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ ထိုင်နေတော်မူနှင့်လေသည်။ ပိပ္ပလိအရှင်လည်း ဗုဒ္ဓရှင်တော်ကို မြင်လျှင်မြင်ချင်း “မိမိရည်မှန်းခဲ့သောဆရာသည် ဤပုဂ္ဂိုလ်သာတည်း” ဟု ဆုံးဖြတ်၍ အလွန်လေးမြတ်စွာ ရှိခိုးဝပ်ချလျက် တပည့်အဖြစ်ကို ခံယူလေသည်။ [ထို ပိပ္ပလိကို ကဿပအနွယ်ဝင် ဖြစ်သောကြောင့် “အရှင်မဟာ ကဿပ” ဟု ခေါ်ကြသည်။]

ဗုဒ္ဓရှင်တော်သည် အရှင်မဟာကဿပအား ထိုနေရာတွင်ပင် ရဟန်းအဖြစ်ကို ပေးတော်မူ၍ အတူ ကြွတော်မူလေရာ ခရီးအကြား သစ်ပင်အောက်၌ အရှင် မဟာ ကဿပ ခင်းပေးအပ်သော သင်္ကန်းကြီးအပေါ်မှာ ထိုင်တော်မူ၍ ထိုသင်္ကန်းကြီးကို လက်တော်ဖြင့် သုံးသပ်တော်မူကာ “ကဿပ … (လူ့ဘ၀တုန်းက အ၀တ်ဖြစ်ခဲ့သော) သင်ရဲ့သင်္ကန်းက တယ်နူးညံ့ပါတကား” ဟု မိန့်တော်မူလေသော် -

အရှင်ကဿပ။ ။ ဒီသင်္ကန်းကို မြတ်စွာဘုရား ခြုံတော်မူပါဘုရား။

ဗုဒ္ဓ။ ။ သင်ကော ဘာကိုခြုံမည်လဲ။

အရှင်ကဿပ။ ။ မြတ်စွာဘုရား၏ သင်္ကန်းတော် အဟောင်းရပါလျှင် ခြုံပါမည်ဘုရား။

ဗုဒ္ဓ။ ။ ကဿပ … ဤသင်္ကန်းကို ငါဘုရားကိုယ်တိုင် ပုဏ္ဏာမည်သော ကျွန်မ၏အလောင်းမှ တစ်ပြည်သားမျှသော လောက်တွေကိုဖယ်၍ ပံသုကူ ကောက်ယူခဲ့ရတယ်။ ဤသင်္ကန်းကို ပံသုကူကောက်ချိန်က မဟာပထ၀ီမြေကြီးပင် တုန်လှုပ်ခဲ့ရတယ်၊ ဓူတင်အားလုံးဆောင်နိုင်သူမှ ဤသင်္ကန်းနှင့်ထိုက်တန်တယ်၊ ဤသင်္ကန်းကို ဆောင်နိုင်ပါ့မလား။ (ဤသင်္ကန်းနဲ့တန်အောင် ကျင့်နိုင်ပါ့မလားဟူလို။) ဤသို့မေးတော်မူ၍ အရှင်ကဿပက

“ဆောင်နိုင်ပါကြောင်း” လျှောက်ထားသဖြင့် သင်္ကန်းချင်းလဲ၍ ၀တ်ရုံလေသော် မဟာပထ၀ီမြေကြီးလည်း တအံ့တသြ ဖြစ်သည့်ပမာ ပြင်းစွာတုန်လှုပ် ပြန်လေသည်။ အရှင်မဟာကဿပလည်း ဓူတင်အားလုံးကို ဆောင်၍ ကြိုးစားအားထုတ်တော်မူရာ ရှစ်ရက်မြောက် အရုဏ်တက်ချိန်မှာ ရဟန္တာဖြစ်တော်မူသည်။

ရှင်မဟာကဿပသည် တောကျောင်း၌ သီတင်းသုံးတော်မူ၏။ သင်္ကန်း ၃ ထည် သာ ကိုယ်ပိုင် ထားတော်မူ၏။ အမြဲ ဆွမ်းခံ၍ ဘုဉ်းပေးတော်မူ၏။ ဆွမ်းခံရာမှာလည်း အိမ်စဉ်မကျော်ဘဲ ဆွမ်းခံတော်မူ၏။ ဤသို့စသည်ဖြင့် အမြဲဓူတင်ဆောက်တည်တော်မူကာ တစ်ရံတစ်ခါ၌မူ ဆွမ်းခံမကြွမီ သမာပတ်ကို ၀င်စားတော်မူ၍ သမာပတ်မှ ထ,တော်မူပြီးနောက် ဆင်းရဲသူများကို ချီးမြှောက်သောအားဖြင့် ဆင်းရဲသူများရပ်ကွက်သို့ ဆွမ်းခံဝင်တော်မူ၏။ အခါတစ်ပါး၌ကား သိကြားနှင့်သုဇာတာမိဖုရားတို့ပင် လူဆင်းရဲဟန်ဆောင်၍ အရှင်မဟာကဿပအား ဆွမ်းလောင်းဖူးသည်။ လယ်စောင့် ဆင်းရဲသူမတစ်ယောက်ကား သူ၏သွားရည်စာ ပေါက်ပေါက်လှော်များကို အရှင်မဟာကဿပအားလှူပြီးနောက် လယ်ကန်သင်း၌ မြွေပေါက်ခံရ၍ စုတေလေရာ ချက်ချင်းပင် တာဝတိံသာသို့ ရောက်သွားသည်။

တစ်ရံတစ်ခါ၌ နူနာစွဲသူတို့၏ လက်ဖြင့်နယ်၍ လှူဒါန်းအပ်သော ဆွမ်းကိုပင် မြိန်ရှက်စွာ ဘုဉ်းပေးတော်မူပါသတဲ့။ အို အရှင်မြတ်ကြီးဘုရား၊ အရှင်မြတ်၏ လူ့ဘ၀တုန်းက စည်းစိမ်နှင့် အရှိန်အ၀ါကိုတွေးကာ ရဟန်းတော်ဘ၀၌ ကျင့်တော်မူပုံများကို နှိုင်းယှဉ်၍ စဉ်းစားလိုက်သောအခါ တပည့်တော်၏အဖြစ်ကို အားမရနိုင်အောင် ရှိပါသည့်ပြင် အရှင်မြတ်ကြီးကိုကား ဦးတော်ညွတ်ကာပျပ်ဝပ် ရိုသေလှပါတော့သည် ဘုရား။

ဗုဒ္ဓရှင်တော် မြှောက်စားတော်မူပုံ

နောင်အရေးကို မြော်မြင်သောဘုရင်မင်းမြတ်သည် မိမိ၏အရိပ်အရာကိုဆက်ခံနိုင်မည့် သားရတနာအား မိမိဝတ်ဆင်မြဲဖြစ်သော တန်ဆာကိုပေးသနားတော်မူသကဲ့သို့ ဗုဒ္ဓရှင်တော်မြတ်သည်လည်း ကိုယ်တော်မြတ်၏ အရိပ်အရာ သာသနာတော်ကို ဆက်လက်၍ ဆောင်ရစ်မည်ကို မြင်တော်မူကာ ကိုယ်တော်မြတ်၏ ပံသုကူသင်္ကန်းတော်ကို အရှင်မဟာကဿပ ရဟန်းဖြစ်စကပင် ပထမအကြိမ် ချီးမြှောက်တော်မူခဲ့ပြီ။ ထို့နောက် မကြာမကြာ သံဃာ့ပရိသတ်အလယ်မှာ အရှင်မဟာကဿပကို မြှောက်စားတော်မူ၏။ ဘိက္ခုတို့၊ သင်တို့သည် ကဿပလို နေနိုင်၊ ကဿပလို ကျင့်နိုင်အောင် ကြိုးစားကြ။

တရားဟောတဲ့နေရာမှာပင် ကဿပရဲ့စိတ်ထားမျိုးဟောကြ၊ ကဿပတရားဟောတဲ့အခါ တရားတော်၏ သဘာဝကျပုံမှန်ကန်ပုံကို အခြေခံထား၍ “ငါဟောတဲ့တရားကို သူတို့နာကြလျှင် ကောင်းမှာပဲ၊ ကြားနာပြီး နားလည်ကြလျှင် ကောင်းမှာပဲ၊ နားလည်ပြီး လိုက်နာကျင့်ကြလျှင် ကောင်းမှာပဲ” ဟု မေတ္တာ ကရုဏာစိတ်ဖြင့် ဟောသည်၊ “ဘိက္ခုတို့၊ ငါဘုရားသည် ဈာန် အဘိညာဉ် ၀င်စားတော်မူလိုသည့်အခါ အလိုရှိရာ ဈာန်အဘိညာဉ်ကို (အချိန်မကြာစေဘဲ) ၀င်စားနိုင်သကဲ့သို့ ကဿပ သည်လည်း ငါဘုရားလိုပင် ချက်ချင်းဝင်စားနိုင်သည်” ဟု တန်ခိုးအရာ တန်းတူထား၍ မြှောက်စားတော်မူသည်။

မြှောက်စားရာ၌ ရည်ရွယ်ချက်

ဘာ့ကြောင့် ထိုမျှလောက် မြှောက်စားတော်မူပါသနည်း။ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် တို့သည် ဗုဒ္ဓရှင်တော်၏အလျင် ပရိနိဗ္ဗာန်စံကြမည်ဖြစ်၍ ဗုဒ္ဓရှင်တော်ပရိနိဗ္ဗာန်စံတော်မူပြီးသည့်အခါဝယ် အရှင်မဟာကဿပသာလျှင် သာသနာ့ဝန်ကို ဆောင်ရစ်ရပေမည်၊ ထိုအခါ “ဗုဒ္ဓရှင်တော်သည်ပင်တန်းတူထား၍ မြှောက်စားအပ်သော အရှင်မြတ်ပေတကား” ဟု အရှင်မဟာကဿပကို သံဃာတော်အားလုံးက လေးစားရစ်စေတော်မူလိုသောကြောင့် အဂ္ဂသာဝက ၂ ပါး ထက်ပို၍ မြှောက်စားတော်မူပါသည်။ [အရှင် မဟာကဿပသည် သက်တော် တစ်ရာ့နှစ်ဆယ်ရှည်သောကြောင့် ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်းအတော်ကြာအောင် သာသနာ့တာဝန်ကို ဆောင်တော်မူခဲ့ပေသည်။ ထိုကဲ့သို့ လူ့ဘ၀၌လည်း အမျိုးမြတ်စည်းစိမ်ရှင်ဖြစ်၍ သာသနာတော်သို့ ၀င်လာသောအခါ၌လည်း တန်ခိုးဣဒ္ဓိပါဒ့်အရပ်ရပ်နှင့် အကျင့်ထူးတော်မူသော သက်တော်ရှည်သားတော်ကြီး တစ်ပါးကို ဗုဒ္ဓရှင်တော်ရတော်မူလိုက်သည်မှာ သာသနာတော်အတွက် လွန်စွာ ကံကောင်းပါပေသည်။

= = = = = = = = = = = =

နိဂြောဓသာမဏေ

အရှင် မဟာကဿပနှင့် အဇာတသတ်မဟာရာဇာတို့ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်တို့ကို စုဆောင်း၍ ရာဇဂြိုဟ်မြို့ အနီးဝယ် ဌာပနာစဉ်ကပင် အသောကမဟာရာဇာ၏ သာသနာပြုမည့်အကြောင်းကို အရှင်မဟာကဿပ ဗျာဒိတ်ပေးတော်မူခဲ့၏။ ထိုအာသောက မဟာ ရာဇာလည်း တစ်နေ့သ၌ နန်းတော်မြေလမ်း၌ သွားလာနေသော လူအများတွင် စက္ခုနြေ္ဒချလျက် ဦးခေါင်းလက်တို့ မလှုပ်မယှက် ငြိမ်သက်စွာဖြင့် ကြွသွားနေသော ကိုရင်ကလေးကို နန်းတော်ပေါ်မှ လှမ်းမျှော်ကြည့်လေရာ လွန်စွာ ကြည်ညိုခြင်းဖြင့် စဉ်းစားမိသည်မှာ အခြားလူတွေသွားလာကြသည်မှာ မငြိမ်မသက် ဣနြေ္ဒမရ ရှိလှ၏။ ဤ သာမဏေသွားပုံသည် ငြိမ်သက်တည်ကြည်၏။ သူ့သန္တာန်မှာ ထူးခြားသော တရား ရှိပေလိမ့်မည်ဟု တွေးကာ ကြည့်ရင်းကြည့်ရင် စဉ်းစားမိ၍ စဉ်းစားရင်း စဉ်းစားရင်းလည်း လွန်မင်းစွာ ချစ်ခင်ကြည်ညိုလာရကား အနီးအပါး၌ရှိသောအမတ်များကို အမြန်သွား၍ အပင့်ခိုင်း၊ ခိုင်းပြီး မကြာခင် နှေးသည်ဟု ထင်သောကြောင့် “မြန်မြန်ကြွခဲ့ပါ” ဟု မှာလျက် ၂ ခါ၊ ၃ ခါ ထပ်ကာ လွှတ်၍ ဇွတ်တရွတ်ကြီး ကြည်ညိုလေသည်။

သို့သော် သာမဏေကား (မလျင်မမြန်) မှန်မှန်ပင်သွားလျက် နန်းတော်ပေါ်တက်မိသည့်အခါ “သင့်တော်သောနေရာမှာထိုင်ပါ” ဟု (စုံစမ်းသောသဘောဖြင့်) လျှောက်ထားလျှင် အခြားရဟန်းများမရှိကြောင်းကို သိ၍ ရာဇပလ္လင်ပေါ်မှာပင် ထိုင်တော်မူလေသည်။ [စိတ်နေ စိတ်ထားနှင့် အမျိုးအနွယ် အောက်ကျသူဖြစ်လျှင် ဘုရင့်ထက်မြင့်သောနေရာ၌ ထိုင်ဝံ့မည်မဟုတ်။] ထို့နောက် ဆွမ်းကပ်ပြီးသောအခါ

မင်းတရား။ ။ ကိုရင်တို့ဆရာ၏ သြ၀ါဒကို သိပါရဲ့လား။

ကိုရင်။ ။ တချို့တစ်ဝက်လောက်တော့သိပါရဲ့။

မင်းတရား။ ။ ကိုရင် … အဲဒီ တရားကို ဟောပြစမ်းပါ။

ကိုရင်။ ။ အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနောပဒံ=ထိုထို ကိစ္စ၌ မမေ့တတ်သော သတိသည် မအိုမသေရာ နိဗ္ဗာန်ရောက်ကြောင်းတရားများဖြစ်၏။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေခြင်းကား တသေတည်း သေခြင်း၏ အကြောင်းရင်းဖြစ်၏။

မင်းတရား။ ။ ဤမျှလောက် ဟောပြလိုက်လျှင် သဘောကျ၍ တရားပြီးဆုံးသောအခါ “နိစ္စဘတ်ဆွမ်းအဖြစ်ဖြင့် ဆွမ်းရှစ်အုပ် လှူပါ၏” ဟု လျှောက်လေသည်။

ကိုရင်။ ။ ဤဆွမ်းအုပ်များကို ဥပဇ္ဈာယ်အား လှူပါ၏ ။

မင်းတရား။ ။ ဥပဇ ၥ်ာယ္ဆိုတာ ဘယ္လိုပုဂၢိဳလ္ပါတံုး ။

ကိုရင်။ ။ မဟာရာဇာ၊ အပြစ်ကြီး အပြစ်ငယ် အသွယ်သွယ်တို့ကို (မိဘက ကြည့်ရှု၍ ပြုပြင်ပေးနေသလို) အမြဲပြုပြင်ပေးသော မိဘသဖွယ် ပုဂ္ဂိုလ်ကို “ဥပဇ္ဈာယ်” ဟု ခေါ်ပါတယ် ။

မင်းတရား။ ။ နောက်ထပ်ပြီး ဆွမ်းရှစ်အုပ်ကို အမြဲလှူပါဦးမည် ။

ကိုရင်။ ။ မဟာရာဇာ၊ အဲဒီဆွမ်းတို့ကိုတော့ ဆရာ အားလှူပါရဲ့ ။

မင်းတရား။ ။ ဆရာဆိုတာက ဘယ်လိုပုဂ္ဂိုလ်ပါလဲ ။

ကိုရင်။ ။ အတတ်သင်ပေးတဲ့ ပုဂ္ဂိုလ်ကို ဆရာ(အာစရိယ) လို့ ခေါ်ပါတယ်။

မင်းတရား။ ။ ဒါဖြင့် နောက်ထပ် ဆွမ်းရှစ်အုပ်လှူပါဦးမည်။

ကိုရင်။ ။ အဲဒီဆွမ်းကိုတော့ သံဃာအားလှူပါ၏ ။

မင်းတရား။ ။ သံဃာဆိုတာက ဘယ်လို ပုဂ္ဂိုလ်ပါလဲ ။

ကိုရင်။ ။ ရဟန်းတော်အစုအဝေးကို “သံဃာ” ခေါ်ပါတယ်။ ထိုသံဃာတော်အစုအဝေးကို မှီပြီးတော့မှ ဥပဇ္ဈာယ် အာစရိယတို့ ရဟန်းပြုခဲ့ကြရပါတယ်။ ကိုရင်လည်း ဒီသံဃာကို မှီပြီး ရဟန်းဖြစ်ရပါ့မယ်။

မင်းတရား။ ။ နောက်ထပ်လည်း ဆွမ်းရှစ်အုပ် လှူဒါန်းပါဦးမည် ။

သာမဏေသည် “ကောင်းပြီ” ဟု လက်ခံ၍ နောက်တစ်နေ့ ၃ ကျိပ် ၂ ပါးသော သံဃာတော်များနှင့်အတူ နန်းတော်သို့ ဆွမ်းဘုဉ်းပေးကြွတော်မူရာ (ဣနြေ္ဒသိက္ခာမှစ၍ ဗြာဟ္မဏတို့ စားသောက်ပုံနှင့် သပ်ရပ်မှုခြင်း ကွာခြားလေရကား)

“နက်ဖြန်ခါ နောက်ထပ် ၃ ကျိပ် ၂ ပါး ပင့်ခဲ့ပါ” ဟု လျှောက်ထား၍ ဤနည်းအားဖြင့် နေ့စဉ်နေ့စဉ် ဆထက်ထမ်းပိုး တိုးကာတိုးကာ နောက်ဆုံး အချိန်မှာ ၆ သောင်းသော ဗြဟ္မဏနှင့် ရသေ့ပရိဗိုဇ် တို့အား ကျွေးနေကျ ဆွမ်းဝတ်ကိုဖြတ်၍ ၆ သောင်းသော ရဟန်းတို့အား နိစ္စဘတ်ဆွမ်းလှူပြီးလျှင် နိဂြောဓသာမဏေအတွက်ကြောင့် ဗုဒ္ဓ၏ဥပါသကာဖြစ်ကာမတ္တ မဟုတ်ဘဲ သာသနာတော်ကို အသဲစွဲ ယုံကြည်နေသော သာသနာပြု မဟာရာဇာကြီးအဖြစ် ရောက်၍ နောက်မကြာမီပင် အသောကာရုံ မည်သော ကျောင်းတိုက်ကြီးကို တည်ဆောက်ကိုးကွယ်လေသည်။

သံဃာ့ရတနာခန်း နိဂုံး

ဗုဒ္ဓမြတ်စွာသည် ညဥ့်အခါဝယ် အမှောင်ကြီးကိုလင်းစေသော လ,မင်းနှင့် တူတော်မူ၍ အရိယာသံဃာများကား လ,မင်း၏ ၀န်းကျင်ဝဲယာ၌ ထွန်းလင်းတောက်ပလျက်ရှိကြသော ကြယ်တာရာများနှင့်တူတော်မူကြ၏။ ဓမ္မအစစ်အမှန်တို့မှာ ဗုဒ္ဓလမင်းမှထွန်းလင်းထွက်ပေါ်လာသော အရောင်အ၀ါများနှင့် တူတော်မူပါပေသည်။

လမင်းဝင်သွားသောအခါ ကြယ်တာရာရောင်ကိုသာ အားပြုရတော့သကဲ့သို့ ထို့အတူ ဗုဒ္ဓရှင်တော် လ,ရတနာကြီး ကွယ်ပပြီးရာ ယခုလို အခါ၌ သံဃာ့ရတနာမှ တစ်ဆင့် ထွက်ပေါ်လာသော တရားအရောင်ကိုသာ အားကိုးကြရပေတော့၏။ အရှင်မဟာကဿပမှစ၍ သံဃာ့ရတနာဝင် အရှင်မြတ်တို့လည်း ယနေ့တိုင်အောင် တရားအရောင်ကို ထွန်းပြောင်စေတော်မူခဲ့ကြသည်မှာ ကျေနပ်ဖွယ်ရာ ကျေးဇူးတင်ဖွယ်ရာကြီးပါပေတည်း။

ထို့ကြောင့်ပင် ထိုသံဃာ့ရတနာဝင် အရှင်မြတ်များကို ရည်စူး၍ “တံ သံဃံ သရဏံ ဂစ္ဆာမိ=ထိုအရိယာသံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏” ဟု နှုတ်ဖြင့်လည်း ရွတ်၊ စိတ်ကိုလည်း ညွတ်စေပြီးလျှင် ထိုအရှင်မြတ်များ၏ သွားလမ်းကိုဖြောင့်တန်းစွာလိုက်နေသော၊ လိုက်မည်ဟု ကြိုးစား၍နေသော အရိယာလောင်း ပုထုဇဉ် ရဟန်းကောင်း သာမဏေကောင်းများစွာတို့ကို အကြောင်းအားလျော်စွာ ထိုက်တန်သလောက်အားပေးချီးမြှောက်နေကြသော သူတော်စင်တို့ အတွက် သံဃာကိုးကွယ်နည်းကိုလည်း အကျဉ်းမျှ ပြပါဦးမည်။

သံဃာနှင့် အသင်းကောင်း ဥပမာ

“မည်သည့်ပုဂ္ဂိုလ်” ဟု သီးခြားသတ်မှတ်ခြင်းမရှိဘဲ သံဃာအားလုံး အပေါ်၌ စိတ်ရောက်နိုင်၍ သံဃာကို ကြည်ညိုသူအတွက် ပုဂ္ဂိုလ်တစ်ပါးနှစ်ပါးကစ၍ ရာထောင်များစွာအကြည်ညို ပျက်စရာကို တွေ့နေရသော်လည်း သံဃာကြည်ညိုမှုကား မပျက်နိုင်ပါ။ ဘုန်းကြီးတို့ကိုယ်တိုင် သမ္မုတိသံဃာတွင် ပါဝင်နေကြရသော်လည်း အရိယာ သံဃာတော်များကို ရည်စူး၍ “သံဃံ သရဏံ ဂစ္ဆာမိ=သံဃာတော်ကို ကိုးကွယ်ပါ၏” ဟူသော သရဏဂုံကို တည်စေရပါသေးသည်။ ဤစကားဖြင့် “သံဃံ သရဏံ ဂစ္ဆာမိ” ဟူသော သရဏဂုံ၌ “သံဃံ” ဟုဆိုလျှင် အရိယာဖြစ်ပြီးသော သံဃာကိုမှန်းလိုက်ပါဟု ဆိုလိုပါသည်။

ထင်ရှားစေပါဦးမည်။ တိုင်းပြည်၏ကောင်းကျိုးကိုလိုလား၍ ကြိုးစားနေသော “အသင်းကြီးတစ်သင်း” ရှိနေသည်ဟု ဆိုကြပါစို့။ ထိုအသင်း၌ ဦးစီးခေါင်းဆောင်များလည်း လုံးဝအပြစ်ကင်းသူများ ဖြစ်ခဲ့၏။ ထိုအသင်း၏ နာမည်ကောင်းမှုကြောင့် အသင်းဝင်တွေ တိုးပွား များပြားလာလေရာ အတော်ကြာသော် အသင်းသားထဲမှ မတရား သူတချို့ ပေါ်လာကြလေ၏။ သို့သော် အသင်းကြီး၏ မူလ ရည်ရွယ်ချက်ကောင်းပုံ နှင့် ခေါင်းဆောင်များ ကောင်းပုံတို့ကို ကျနစွာ နားလည်သူတို့က ထိုအသင်းကြီးကို အကြည်ညိုမပျက်ကြသေး။

အတော်ကြာလျှင် မတရားအသင်းသား ကိုယ်ကျိုးရှာသမားတွေ ပေါများထင်ရှားလာ၏။ အသင်း၏ ရည်ရွယ်ရင်းကို နားလည် သူတို့က မတရားသူတွေ ကိုယ်ကျိုးရှာသူတွေကို အလွန်ရွံ့ရှာမုန်းတီးသော်လည်း အသင်းကြီးကိုကား အပြစ်မမြင်နိုင်ပေ၊ သာ၍ ကာလကြာသောအခါ အသင်းသားထဲမှ လူကောင်းဆိုလျှင် တစ်ယောက်တစ်လေမျှ ရှာနိုင်မှ ရတော့မည်။ ထိုမျှလောက်အသင်းသားတွေ ယုတ်မာနေသော်လည်း အသင်းကြီး၏ ရည်ရွယ်ရင်းကို နားလည်သူအတွက်မှာ အသင်းကြီးကို အကြည်ညို မပျက်ရက်ချေ။

သံဃာတော်များ စီတန်းကြွ

တချို့ စာသင်တိုက်၌ တစ်ရံတစ်ခါ သံဃာကုန် လှူဒါန်းဖွယ်ရှိ၍ စီတန်းကြွသွားသည်ကို မြင်ဖူးကြပါလိမ့်မည်။ ထိုအခါ မြင်ရသူ လူအများ၏ စိတ်ဝယ် လွန်စွာကြည်ညိုကြမည်မှာ အထူးစဉ်းစားဖွယ်ရာမလိုပါ။ ဘုန်းကြီးကိုယ်တိုင် ငြိမ်သက်စွာကြွတော်မူသော ထိုသံဃာ့ အတန်းကြီးကို ကြည့်၍ ပီတိ သောမနဿ (နှစ်သက်ဝမ်းမြောက်ခြင်း) ဖြစ်ရုံမက ဗုဒ္ဓ၏ လက်ထက်တော်က အရိယာ သံဃာတော် အတန်းကြီးကို မျှော်မှန်းစိတ်ကူးကာ ရင်ထဲ၌ ဆို့မတတ် ဖြစ်ဖူးပါသည်။ ထိုဆို့ခြင်းလည်း ပီတိပျို့လျက် ဆို့ခြင်းဖြစ်ရကား ကောင်းသောဆို့ခြင်းသာတည်း။ ထိုသို့ ကြည်ညို နှစ်သက်ရာ၌ ပုဂ္ဂိုလ်တစ်ပါးပါးအတွက် နှစ်သက်ခြင်း မဟုတ်ပါ၊ သံဃာအားလုံး အပေါ်မှာ အာရုံရောက်နေသော နှစ်သက်ခြင်းသာ ဖြစ်ပါသည်။

သံဃာမှန်း၍ လှူဒါန်း

သံဃာ့အပေါ်၌ စိတ်အာရုံ ရောက်နိုင်ကြပါမူ တစ်ကျပ်တန်ပစ္စည်းပင် ဖြစ်သော်လည်း သံဃိကဒါန ဖြစ်နိုင်၏။ သံဃာကို အမှန်ကြည်ညိုသူတို့ကလည်း လှူစရာရှိလျှင် သံဃာကိုရည်မှန်း၍ လှူဒါန်းမည်သာတည်း။ ထင်ရှားစေအံ့၊ ပြခဲ့သော အသင်းကြီးကို ရည်မှန်း၍ ငွေတစ်ကျပ် လှူဒါန်းရာ၌ ထိုငွေတစ်ကျပ်သည် အသင်းကိစ္စနှင့် စပ်ဆိုင်ရာ၌သာ သုံးစွဲခွင့်ရ၏။ အသင်းဝင်တစ်ယောက်၏ ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခွင့်မရ၊ ထိုသို့ သုံးစွဲခွင့်မရဘဲ အချောင်သုံးစွဲလျှင် ထိုငွေတစ်ကျပ်ကို အသင်းမှ ခိုးယူသုံးစွဲရာ ရောက်သဖြင့် ထိုသူ့အတွက် အပင်းဖြစ်ရတော့သကဲ့သို့ ထို့အတူ သံဃိက လှူဒါန်းအပ်သော တစ်ကျပ်တန် ပစ္စည်းသည် သံဃာတော်အားလုံးနှင့်ဆိုင်၍ သာသနာရေး၌သာ သုံးခွင့်ရ၏။ သာသနာရေးမဟုတ်သော ကိစ္စ၌ သုံးစွဲမိလျှင် ထိုသူ့အတွက် အပင်းထက်ပင် အပြစ်များသေး၏။

ဗုဒ္ဓရှင်တော် သံဃာကို ညွှန်းပုံ

မိထွေးတော်ဂေါတမီသည် ဗုဒ္ဓရှင်တော်ကို သင်္ကန်းလှူလို၍ ယက်ကန်းသည်တော်များကို သီးခြား အမိန့်ပေးကာ တစ်ခါ တစ်ခါလည်း ကိုယ်တိုင်ဝင်၍ မိမိ၏လက်ဖြင့် ပြုရာရောက်အောင် ယက်ကန်းလက်ခတ်ကို ဆွဲကိုင်၍ရက်သေး၏။ ထိုသင်္ကန်းပြီး၍ ဗုဒ္ဓအား အလှူလာသောအခါ ဗုဒ္ဓရှင်တော်သည် “သံဃေ ဂေါတမိ ဒေဟိ၊ သံဃေ တေဒိန္နေအဟဉ္စေ၀ပူဇိတောဘ၀ိဿာမိသံဃောစ = ဂေါတမီ၊ သံဃာအားလှူလိုက်လော့၊ သံဃာအားလှူလျှင် ငါ့အားလည်းပူဇော်ရာရောက်လိမ့်မည်” ဟု မိန့်တော်မူသည်။

ဒုဿီလလည်း သံဃာ

အာနန္ဒာ၊ အနာဂတ်ကာလ၌ ရဟန်းတို့၏အနွယ်ကို ဖျက်ဆီးတတ်သင်္ကန်းကိုလည်ပင်းပတ်ရုံသာ ပတ်ထားကုန်သော ဒုဿီလရဟန်းတို့ ဖြစ်ပေါ်ကြလိမ့်မည်။ ထိုဒုဿီလတို့၌ လှူသောအခါ သံဃာကိုမှန်း၍ လှူဒါန်းနိုင်ပါမူ မရေမတွက်နိုင်အောင် အကျိုးပေးနိုင်၏ဟု ငါဘုရားဟောတော်မူသည်။ [ဥပရိပဏ္ဏာ၊ ဒက္ခိဏ၀ိဘင်္ဂသုတ် ပါဠိတော်]

သံဃာကို ကိုးကွယ်ပုံ

မိမိဒါနကို သံဃာအားလုံး ရောက်အောင် စိတ်ထားခြင်းသည် သံဃာကို အားကိုးခြင်းဖြစ်၏။ မကျန်း မမာခြင်းစသော ဒုက္ခ ရောက်သောအခါ သံဃာ အားလုံး၏တရားတော်ကိုနာခြင်းသည် ထိုဒုက္ခကို သံဃာဖြင့် ကွယ်ခြင်းမည်၏။ ထိုကဲ့သို့ သံဃာ့အပေါ် စိတ်မရောက်နိုင်သော အလှူဒါနပြုရာအခါ ရိုသေရာအခါတို့၌ကား ထိုပုဂ္ဂိုလ်၏ သီလ, သမာဓိ, ပညာဂုဏ်ကို အာရုံပြု၍ ရိုသေသင့် လှူဒါန်းသင့်ပါသည်။ ဒုက္ခမကြုံမီ ထိုပုဂ္ဂိုလ်ကို အားကိုး၍ ဒုက္ခကြုံလာလျှင် ထိုပုဂ္ဂိုလ်၏တရားကို လိုက်နာသောအားဖြင့် ထိုဒုက္ခကိုကာကွယ်သင့်ကြပေသည်။ ထိုသို့ အားကိုရာမရသော ပုဂ္ဂိုလ်များကိုကား သံဃာကို ရည်မှန်း၍ လှူဒါန်းကိုးကွယ်ခြင်းသာလျှင် အပြစ်ကင်း၍ ထိုက်သင့်သောအကျိုးကို ရစေနိုင်ပေလိမ့်မည်။ အချုပ်မှာ - သီလ စသော ဂုဏ်မရှိဘဲ ကိုးကွယ်ခြင်းသည် သရဏဂုံနှင့်ဆိုင်သော ကိုးကွယ်ခြင်းမဟုတ်၊ သီလ စသောဂုဏ်ကို အကြောင်းပြု၍ ကိုးကွယ်မှ သရဏဂုံနှင့်ဆိုင်သော ကိုးကွယ်ခြင်းဟု မှတ်ပါ။

အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်၊ အရှင်ဇနကာဘိဝံသ ၏ အနာဂတ်သာသနာရေး မှ ကောက်နှုတ်ဖော်ပြပါသည်။

(သံဃရတနာ) by (အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်၊ အရှင်ဇနကာဘိဝံသ)
You need to select an ID number of a data entry
   

Dhamma Web