မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Thursday, 23rd May 2013 10:35pm.
line decor
ကုသိုလ်ဘယ်လောက်ရနိုင်ပါသလဲ - How much kusal you can get? by ဦးကောဝိဒ(မြိတ်) - U Kovida Short, Simple and Easy to Remember Dhamma Note, DhammaWeb ကုသိုလ်ဘယ်လောက်ရနိုင်ပါသလဲ by ဦးကောဝိဒ(မြိတ်)
Untitled Document


ကုသိုလ်ဘယ်လောက်ရနိုင်ပါသလဲ

အမေး။ ။အရှင်ဘုရား….အသက်ထင်ရှားရှိနေတဲ့တပည့်တော်မိဘများအတွက် ကျောင်းဆောင်တစ်ခု အလှူလုပ်ပေးမယ်ဆိုရင် ကုသိုလ်ဘယ် လောက်ရနိုင်သလဲဘုရား၊ တကယ်လို့ အမိအဘများထင်ရှားမရှိတော့တဲ့အချိန်မှာရော ကုသိုလ်ဘယ်လောက် ရနိုင်ပါ သလဲဆိုတာ ဖြေကြားပေး တော်မူပါဘုရား။ ။
မျိုးမင်းထွန်း
မြိတ်

အဖြေ။ ။သားသမီးများက မိဘများကုသိုလ်ရရေးအတွက် ကြိုးပမ်းပေးတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခုဖြစ်သလို “မာတာပီတုဥပဋ္ဌာနံ” ဆိုတဲ့မင်္ဂလသုတ်တော်လာအတိုင်း မြတ်တဲ့မင်္ဂလာတစ်ပါးဖြစ်ပါတယ်။
အလှူဒါနလုပ်တဲ့အခါ မိဘများက အသက်ထင်ရှားရှိတာက တစ်ပိုင်း၊ ထင်ရှားမရှိတော့တဲ့အခါမှတစ်ပိုင်း ဆိုပြီး နှစ်ပိုင်းခွဲဖြေရမှာဖြစ် တယ်။ အမေးက နည်းနည်းပေမဲ့ သဘောပေါက်အောင်က အကျယ်တ၀င့်ရှင်းလင်းမှရမှာဖြစ်တယ်။

မေးခွန်းရှင်က ကုသိုလ်ရဲ့အကျိုးအမြတ်များများရချင်တဲ့ ဆန္ဒရှိပုံပါပဲ။ ကိုယ်လုပ်လိုက်တဲ့အလုပ်ရဲ့အကျိုးအမြတ် အများကြီးလိုချင်တာ လူသာတိုင်းရဲ့ဆန္ဒပါပဲ။ ဒါကြောင့် အမြတ်များများရနိုင်တဲ့ အလှူဒါနပြုလုပ်နည်းတစ်ခုပြောပါ့မယ်။

ဘုရားရှင်လက်ထက်တော်က ဘုရားရှင်ဟာ သ၀တ္ထိ၊ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အခိုက် ဝေဠုကဏ္ဍကီမြို့မှာ နန္ဒမာတာ ဆိုတဲ့ အမျိုးကောင်းသမီးကြီးတစ်ဦးဟာ သူမရဲ့အိမ်မှာ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်အမှူးရှိတဲ့နောက်ပါ သံဃာတော်များစွာကို အိမ်ပေါ်ပင့်ပြီး ဆွမ်းကုသိုလ်ဒါနပြုနေပါတယ်။ ဒီအခြင်းအရာကို ဘုရားရှင်က သာဝတ္ထိ၊ဇေတ၀န်ကနေ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့မြင်တော်မူပါတယ်။

ဘုရားရှင်မြင်တော်မူလိုက်တာက ထူးခြားတာတစ်ခုရှိတယ်၊ နန္ဒမာတာပြုလုပ်နေတဲ့ အလှူဒါနဟာ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူ ဖြစ်တယ်။ဒီအလှူဒါနဲ့ရဲ့အကျိုးရလာဒ်ဟာ မရေမတွက်နိုင်တဲ့အကျိုးတွေ ရနိုင်တယ်။ ဥပမာ ပင်လယ်ထဲကရေများကို ဘယ်နှစ်ပီပါ၊ဘယ်နှစ်ဂါလံ လို့ ရေတွက်လို့မရစေကောင်းသလို နန္ဒမာတာပြုလုပ်တဲ့အလှူအကျိုးဟာ ပင်လယ်ရေများသလိုပဲ မရေမတွက်နိုင်အောင် အကျိုးများရနိုင်တယ်ဆို တာကို ဘုရားရှင်က မြင်တော်မူတယ်။ ဒီအကြောင်းကို ဘုရားရှင်က ဇေတ၀န်ကျောင်းက တရားနာပရိသတ်ကို ဟောတော်မူခဲ့ပါတယ်။ ဒိသုတ္တန်ရဲ့နာမည်က “ဒါနသုတ္တံ” လို့ခေါ်ပါတယ်။ နားလည်အောင်တိုကျဉ်းလိုရင်းပြောပါ့မယ်။

နန္ဒမာတာရဲ့အလှူပြုနည်းက…..ဒါနတစ်ခုမှာ အလှူပေး၊ အလှူခံ ဆိုတာရှိတယ်။ အလှူပေးတဲ့သူမှာ အင်္ဂါသုံးပါး ပြည့်စုံရပါမယ်။ ထို့အတူ အလှူခံပုဂ္ဂိုလ်မှာလဲ အင်္ဂါသုံးပါးနဲ့ပြည့်စုံရပါမယ်။ နှစ်ခုပေါင်းလိုက်တော့ အင်္ဂါခြောက်ပါးပေါ့။ဒါကို အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူဒါနလို့ ခေါ်ပါတယ်။
အလှူပေးတဲ့သူရဲ့အင်္ဂါသုံးချက်ဆိုတာက….စေတနာသုံးတန်ပါပဲ၊ ရှင်းပါအုံးမယ်။ အလှူတစ်ခုမပြုလုပ်ခင် အလှူအတွက် ၀မ်းမြောက် ၀မ်းသာဖြစ်နေရပါမယ်။ လှူဆဲမှာလဲ ၀မ်းမြောက်ကျေနပ်နေရမယ်၊ လှူပီးနောက်ပိုင်းမှာလဲ ပြန်လည်တွေးတောပြီး ၀မ်းမြောက်ကျေနပ်နေရပါမယ်၊ ဒါဆိုရင် အလှူပေးသူမှာ အင်္ဂါသုံးပါးပြည့်စုံသွားပါပြီ။

သားသမီးများက မိဘအတွက်အလှူပြုလုပ်ပေးတဲ့အခါမှာ မိဘများက အထက်ပါအင်္ဂါသုံးချက်နဲ့ပြည့်စုံဖို့လိုတယ်ဆိုတာ သတိထားစေ ချင်ပါတယ်။ မလှူမီမှာဝမ်းမြောက်ကျေနပ်ဖို့အတွက် သားသမီးဖြစ်သူက အမိအဘများကို ပြုလုပ်မဲ့အလှူနဲ့စပ်ပြီး ၀မ်းမြောက်ကျေနပ်မှုရှိအောင် ပြောပေးရပါမယ်။ အလှူပေးနေတုန်းမှာလဲ အလှူရဲ့မြင်ကွင်းကို မိဘများမြင်သာအောင် ကြည့်ခိုင်းရပါမယ်။ တကယ်လို့ မလာနိုင်လို့အိမ်မှာဆိုရင် တော့ မိဘအနားနေသူတစ်ယောက်က ဒီအချိန်ဆို အလှူပြုလုပ်နေပါပြီ စသဖြင့် ၀မ်းမြောက်ဖွယ်ဖြစ်အောင်ပြောပေးရပါမယ်။ အလှူပီးတဲ့ အခါမှာ အလှူလုပ်ခဲ့တဲ့အခြင်းအရာကို

မိဘများသတိရအောင် မကြာခဏဆိုသလို ပြောဆိုပေးခြင်းဖြင့် မိဘများဝမ်းသာကျေနပ်မှုရှိနေရပါမယ်။ ဒီနေရာမှာတစ်ခုသတိထားဖို့က လှူပီးတဲ့နောက် အမြဲတမ်းဝမ်းမြောက်စေနိုင်ဖို့အတွက် မိမိအလှူဟာ ‘အ’ တဲ့အလှူမဖြစ်ဖို့အရေးကြီးပါတယ်။ နားလည်အောင်ပြောအုံးမယ်။ ‘အ’တဲ့အလှူဆိုတာက ကျောင်းဆောင်တစ်ခုလှူလိုက်တယ်ဆိုပါစို့ ကိုယ်လှူထားတဲ့ကျောင်းကို အလှူခံပုဂ္ဂိုလ်များ ကအသုံးမပြုဘဲ တစ်နှစ်ပတ်လုံး သောခတ်ထားမယ်ဆိုရင် ဒီကျောင်းအလှူအပေါ်မှာ ဘယ်နည်းမှ အလှူရှင်ဟာ ၀မ်းမသာနိုင်ရှာတော့ဘူး။ ဒါကို ‘အ’ တဲ့အလှူလို့ခေါ်တာပါ။ ဒါကြောင့် ကိုယ်လှူမဲ့ကျောင်းဆောင်ဟာ အလှူခံပုဂ္ဂိုလ်များအတွက် တကယ်အသုံးဝင်တဲ့ကျောင်းဖြစ်ဖို့လိုတယ်။ ဒါမှ ‘မအ’ တဲ့အလှူဖြစ်သွားပါပြီ။

ဒီလိုပါပဲ အလှူပေးတဲ့သူမှာ စေတနာသုံးတန်နဲ့ပြည့်စုံတဲ့အတွက် ဒီအလှူဟာ မရေမတွက်နိုင်တဲ့အကျိုးတွေကို ရရှိနိုင်ပါတယ်။ တစ်ခုပြောစရာရှိတာက မိဘများသက်ရှိထင်ရှားရှိနေစဉ်မှာသာ အလှူလုပ်ပေးရင် အလှူရဲ့အကျိုးရဖို့ သေချာပါတယ်။ မိဘများကွယ်လွန်သွားမှ ပြုလုပ်ပေးမယ်ဆိုရင်တော့ မိဘများရမှန်း၊မရမှန်းမသိနိုင်တဲ့အတွက် မသေချာဘူးလို့ပဲပြောရပါမယ်။ မိဘများအသက်ထင်ရှားရှိစဉ် အထက်က ဆိုခဲ့တဲ့အတိုင်းအောင်မြင်စွာ အလှူပြုလုပ်ထားခဲ့တဲ့အတွက် မိဘများမှာကုသိုလ်ရပြီးဖြစ်တဲ့အတွက် နောက်ကွယ်လွန်သွားသော်လဲ ဒီကုသိုလ်က ဘ၀သံသရာပါသွားပါမှာဖြစ်တယ်။ ဒါဆိုရင် အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်က သဘောရှင်းလောက်ပါပြီ။

အလှူခံပုဂ္ဂိုလ်အင်္ဂါသုံးချက်ကိုလဲ ထည့်သွင်းပြောပြရပါအုံးမယ်။ အလှူခံပုဂ္ဂိုလ်ဆိုတာ လောဘ၊ဒေါသ၊မောဟ ကင်းနေတဲ့ ရဟန္တာ ပုဂ္ဂိုလ်ဖြစ်ရမယ်။ တကယ်လို့ ရဟန္တာမဟုတ်သေးဘူးဆိုရင် လိုချင်မှုလောဘနည်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ မခံသာမှုဒေါသနည်းအောင်ကျင့် နေတဲ့ပုဂ္ဂိုလ်၊ အမှန်အတိုင်းမသိတဲ့မောဟနည်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဒါက အလှူလက်ခံမဲ့ အလှူခံပုဂ္ဂိုလ်မှာ ပြည့်စုံရမဲ့အင်္ဂါသုံးချက် ပါပဲ။

ဒီလို လောဘ၊ဒေါသ၊မောဟ နည်းအောင်ကျင့်နေတဲ့အလှူခံပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကိုလဲ အလှူပေးတဲ့သူက သိထား ရမှာဖြစ်တယ်။ဒီအတွက် ဥပမာတစ်ခုပြောမယ် ရွှေစစ်မစစ်ဆိုတာကို မှတ်ကျောက်တင်စစ်ဆေးက သိရှိနိုင်သလို အလှူခံပုဂ္ဂိုလ်ကိုလဲ တိုင်းတာရပါမယ်။ဒါနဲ့ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာမှာ စက္ခုပါလမထေရ်က “အရှင်ဘုရား…သာသနာမှာနေရင် ဘယ်လိုတာဝန်တွေ ထမ်းရပါ့မလဲဘုရား” လို့ ဘုရားရှင်အား မေးလျှောက်ဖူးပါတယ်။ ဘုရားရှင်က စာပေများကိုသင်အံ၊ပို့ချခြင်းဆိုတဲ့ ဂန္ထဓူရနဲ့ စာပေလာအတိုင်း အားထုတ်ရတဲ့ ၀ိပဿနာဓူရဆိုပြီး တာဝန် နှစ်ခုရှိတယ်၊ ဒီနှစ်ခုအနက်က တစ်ခုခုကို ပြုလုပ်နေရပါမယ်လို့မိန့်တော်မူပါတယ်။ဒါကြောင့် လောဘစတာတွေနည်းအောင်ကျင့်တဲ့ပုဂ္ဂိုလ်ဟာ သာသနာ့တာဝန်နှစ်ရပ်က တစ်ခုခုကို ပြုကျင့်နေတဲ့သူဖြစ်ရမယ်။ တကယ်လို့ ဒီနှစ်ခုကလွဲ မသင့်လျော်တဲ့အလုပ်တွေလုပ်နေမယ်ဆိုရင်တော့ လောဘစတာတွေ တိုးပွားနေတော့မှာဖြစ်တယ်။ တစ်ချို့ကသာသနာဝန်ထမ်းရဟန်း သာမဏေပြုလုပ်နေပြီး ဗေဒင်၊ဆေးကု၊ချဲဂဏန်းပေး၊ ဘောလုံးပွဲလောင်း၊ ဓါတ်ရိုက်၊ယတြာစတဲ့ မလျော်တဲ့အလုပ်တွေနဲ့ အချိန်ကုန်နေတာ ရှိပါတယ်။ ဒါကြောင့် အလှူတစ်ခုလုပ်တယ်ဆိုရင် ကိုယ်ပေးလှူမဲ့အလှူခံပုဂ္ဂိုလ်ကို ကြည့်ရပါမယ်။
အချူပ်ပြောရရင် ပေးလှူသူက အင်္ဂါသုံးပါး၊ အလှူခံပုဂ္ဂိုလ်က အင်္ဂါသုံးပါး ပြည့်စုံတဲ့အလှူဒါနမျိုးဟာ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့အလှူလို့ ခေါ်ပါတယ်။ အဲဒီအလှူရဲ့အကျိုးဟာ မရေမတွက်နိုင်တဲ့အကျိုးကို ရရှိမှာဖြစ်တယ်ပါတယ်။

အရေးကြီးတာတစ်ခုကျန်သေးတယ်။ တကယ်လို့ မေးခွန်းရှင်က အလှူရဲ့အကျိုး ဘယ်လောက်ရမလဲဆိုတာကို အကျိုးမျှော်ပြီး လှူဒါန်း ရင် မိမိမှာ အရနည်းတတ်တယ်။ ဒါနဲ့ပတ်သက်ပြီး အင်းဝခေတ်က ဆရာတော်ဦးဗုဓ် ဆိုတာကြားဖူးကြမှာပါ။ ဆရာတော်ကြီးကို ကိုးကွယ်နေတာ က နန်းမတော်မယ်နုဖြစ်တယ်။ အခုအချိန်အထိ အင်းဝမြို့ဟောင်းမှာ မယ်နုအုတ်ကျောင်းဆိုတာ ရှိသေးတယ်။ ဒီအုတ်ကျောင်းကြီးကို နန်းမတော် မယ်နုက ဆရာတော်ဦးဗုဓ်ကို လှူခဲ့တာပါ။ တစ်နေ့တော့ နန်းမတော်မယ်နုက ဆရာတော်ဦးဗုဓ်ထံလာရောက်ကာ သူပြုခဲ့တဲ့အလှူများအတွက် အကျိုးဘယ်လောက်ရနိုင်တယ်ဆိုတာကို မေးဖူးပါတယ်။ ဒီအခါ ဆရာတော်က နန်းမတော်မယ်နုကို ဖလားတစ်လုံးထဲ ရေအပြည့်ထည့် စေပါတယ်။ ပီးတော့ ဖလားထဲကရေတွေကို ကျောင်းအောက်မှာ သွားအသွန်ခိုင်းပါတယ်။ ဖလားထဲကရေများသွန်အပြီး ကျောင်းပေါ်ပြန်တက်လာတဲ့နန်းမတော်မယ်နုအား သင်လုပ်တဲ့ကောင်းမှုအကျိုးဟာ ဖလားထဲမှ အနည်းငယ်သာ ပြန်ပါလာတဲ့ရေလောက်သာ အကျိုးရရှိမယ်လို့ပြောလိုက်တယ်။ ဒါကဘာသဘောလဲဆိုရင် အကျိုးဘယ်လောက်ရမယ်ဆိုတာကို အကျိုးမျှော်ပြီး လှူရင် အကျိုး အရနည်းပါတယ်။ အလှူရဲ့အကျိုးကို မမျှော်ဘဲ အလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကို ကြည့်ပြီး လှူဒါန်းရင် ဖလားထဲရေပြည့်နေသလို အကျိုးလဲများများရရှိနိုင်ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

စာရေးသူ- ဦးကောဝိဒ(မြိတ်)

 

How much kusal you can get? (ကုသိုလ်ဘယ်လောက်ရနိုင်ပါသလဲ) by U Kovida (ဦးကောဝိဒ(မြိတ်) )
ကုသိုလ် နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
 
No. Myanmar Language Title author
1 ကုသိုလ်မျိုး ၈-ပါး။ ။ Myanmar Cupid Forum
2 ထာဝရ ကုသိုလ်တိုးပွားစေတဲ့ ထာဝရဒါန (၆) မျိုး အိအိအောင်
3 အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)
4 ကုသိုလ်ဘယ်လောက်ရနိုင်ပါသလဲ ဦးကောဝိဒ(မြိတ်)
5 အကုသိုလ် ပယ်နည်းများ‏ ဓမ္မရနံ့
List of Dhamma Notes related to Akusala : 5 Dhamma Notes, DhammaWeb DataBase
   

Dhamma Web