www.dhammaweb.net  
line decor
  
line decor
 
 
 
 

   Home > Sayadaw
Ven. Kanni Sayadaw U Sobhita
ကန္နီဆရာတော်

 

ကျေးဇူးရှင် ကန္နီဆရာတော်ဘုရားကြီးသည် မုံရွာခရိုင်၊ ကန္နီမြို့၊ ကမ်ပြူရွာ ခမည်းတော် ကျောင်းဒကာကြီး ဦးသာနု၊ မယ်တော်ကြီး ဒေါ်ကောင်းတို့မှ ၁၂၄၁-ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄-ရက်၊ သောကြာနေ့၊ ညည့် ၄-ချက် မတီးမီ ဖွားမြင်တော်မူခဲ့၏။ (၄)နှစ်သား အရွယ်မှစ၍ထီးလည်းတောရ ဆရာတော် ဦးကလျာဏ၊ ၎င်းင်းဆရာတော်၏ တပည့် ဦးနန္နိယနှင့် ကမ်းဖြူတောရ ဦးအာဒိဏ္ဏတို့ထံ ပညာသင်ယူသည်။ ရှင်ရဟန်းပြုပြီး မုံရွာ၊ မန္တလေးတို့၌ ပညာသင်ယူခဲ့သည်။ ဘွဲ့တော်မှာ ဦးသောဘိတ ဖြစ်သည်။

 

ယောဂိပါရဂူ အတ္ထုပတ္တိ

ဆရာတော်၏ ပရိပတ္တိ ဆရာများမှ ဒုတိယ ဗားကရာ ဆရာတော် ဦးဂန္ဓသာရ၊ ကျည်ဝန်ဆရာတော်၊ မိုင်းခိုင်းဆရာတော် နှင့် မာန်လည်ဆရာတော်တို့ ဖြစ်ကြ၏။ (မြေဇင်းဆရာတော်မှတ်တမ်း) ပဋိပတ္တိနှင့်စပ်၍ လက်ပံတောရ ဆရာတော်ထံ ရှစ်လနည်းခံ အားထုတ်တော်မူခဲ့သည်။ လက်ပံတောရသို့ သွားရောက်အားထုတ်ပုံကို ၁၃၀၉-ခုနှစ်ရေး၊ ရွှေဘို ပုသိမ်ကြီး တောရဆရာတော် အရှင် ဗုဒ္ဓ၀ံသ၏ ယောဂိပါရဂူကျင့်စဉ်ကျမ်း၌ ဤသို့တွေ့ရှိရ၏။ ငါတို့ ကျေးဇူးရှင် ကန္နီဆရာတော်ဘုရားသည် စာပေပို့ချနေလေရာ ၁၈-၀ါရ သောအခါ (၁၀-ဖြစ်ရာ၏) တောထွက်ကာ တရားကို အားထုတ်သတဲ့။ အားထုတ်လို့ နှစ်ဝါရသော်လဲ မိမိအလိုရှိတိုင်း တရားကို မရသဖြင့် ဆရာရှာမှ ဖြစ်ချေမည်။ လက်ပံဆရာတော် တရားပေးကောင်းကြောင်း ကြားသိရ၍ ထိုဆရာတော်ထံ သွားမည်ဟု အကြံတော်ဖြစ်တော်မူ၏။ ထိုကြံစည်သော ညမှာပင် ဤသို့ အိပ်မက် မြင်မက်တော်မူ၏။ အလွန်တရာ ထူးဆန်းသော ရွှေကျောင်းကြီးနှင့် ထိုကျောင်းကြီး၏ လှေကားခြေရင်း၌ ထူးဆန်းသော ငှက်ပျောခိုင်ကြီးနှစ်ခိုင်ကို မြင်ရသည်ဟု မြင်မိ၏။ ၎င်းင်းရွှေကျောင်းကြီးပေါ်မှ ဘုန်းတော်ကြီး ဦးသူရိယဆင်းလာပြီးလျှင် ဟေ့ မောင်သောဘိတ၊ ဟောဒီ ငှက်ပျောဟာ အထူးအဆန်းကွဲ့။ သာသနာတွင်း ငှက်ပျောလို့ခေါ်တယ်။ ဒီငှက်ပျောဟာ မင်းနှင့်သာ ထိုက်တန်တယ်ဟု ပြော၍ ပေးသတဲ့။ ဤသို့မြင်မက်၍ နိုးလာသောအခါ ငါသည် မုချ တရားထူး တွေ့ရတော့မည်္ဒဟု ၀မ်းသာကာ အိပ်မပျော်နိုင်အောင် ရှိသတဲ့။

ပညာသင်ပြီးနောက် ကမ်းဖြူရွာကျောင်း၌ပင် သီးတင်းသုံးတော်မူသည်။ မကြာမီ ကင်းတောရသို့ ပြောင်းရွေ့၍ သီတင်းသုံးလျက် နှစ်နှစ် တိုင်တိုင် ပဋိပတ်အလုပ်ဖြင့် နေတော်မူသည်။ ထိုစဉ် အုတ်ဖိုလက်ပံတောရ ဆရာတော်၏ ပဋိပတ် သတင်းကို ကြားရသဖြင့် ကန္နီမှ ဘုတလင်းသို့ ခြေလျင် ကြွတော်မူသည်။ ကျေးဇူးရှင် ကန္နီဆရာတော်ကြီးသည် လက်ပံ ဆရာတော် ဦးအာဒိစ္စထံလာ၍ တရားတောင်းကာ ၀ါတွင်းသုံးလပတ်လုံး အားထုတ်တော်မူသတဲ့။ ၀ါလယ်လောက်မှာပင် ညကြီးသန်းခေါင်ယံမှာ တရားဖြစ်ပုံဖြစ်နည်း သဘာဝတွေကို လက်ပံ ဆရာတော် အား လျှောက်သောအခါ ဆရာတော်က ဦးသောဘိတကျောကို လက်ဖြင့်သပ်ကာ သြ၀ါဒ ပေးတော်မူသတဲ့။ လက်ပံတော ဆရာတော်က ပါရဂူအမည်တပ်၍ ကျမ်းတစ်စောင် ရေးရန် တိုက်တွန်းတော်မူလေသည်။ ယောဂိ ပါရဂူကျမ်းလာ ထေရုပတ္တိတွင် ထို(လက်ပံ)ဆရာတော် ဘုရားကြီး၏ သမထ ၀ိပဿနာ နည်းလမ်းတို့ကို ရှစ်လခန့်မျှ ကျနစွာ သင်ယူအားထုတ်ပြီးလျှင် မိမိနေရင်းဖြစ်သော ကင်းတောင် တောရသို့ ပြန်ရန် ခွင့်ပန်လျှောက်ထားသောအခါ လက်ပံဆရာတော် အမိန့်ရှိပုံကို ဤသို့ ဖော်ပြထားသည်။

ငါ့တပည့်ကြီး၊ နောက်သား နောင်လာ ယောဂီပုဂ္ဂိုလ် အပေါင်းတို့ ဆရာနည်းရ၍ နိဗ္ဗာန်သွားရာ ပဋိပတ္တိသာသနာ လောကုတ္တရာ နှစ်ဆီကို ကျွေးမွေးသောအနေဖြင့် ပါရဂ္ဒူ မည်သော သမထ၀ိပဿနာ လုပ်နည်းလုပ်ထုံးတို့ကို စုရုံးပေါင်းစပ်၍ ကျမ်းကြီးတစ်စောင် ရေးသားရစ်ပါဟု အကြိမ်ကြိမ် မိန့်တော်မူသောကြာင့် ဆရာတော်ဘုရားကြီး၏ ကျေးဇူးတော်ကို ဆပ်သောအနေဖြင့် ရေးသားပါမည်ဘုရားဟု ၀န်ကြီးခံခဲ့လေသတည်း။ (ယောဂိပါရဂူကျမ်း-၁၂၈၅ ခုနှစ်ရေး၊ သစ္စပါရဂူကျမ်း ၁၂၉၃-ခုနှစ်ရေး။) လက်ပံတော်မှအပြန်တွင် ဘုတလင်းမှ ကန္နီသို့အသွား ညောင်ကန်ရွာအနီး တောတွင်း၌ လှည့်လည် သီတင်းသုံးတော်မူသော ဘုန်းတော်ကြီး ဦးသာရွှန်းထံ ၀င်ရောက် နည်းနာ ခံယူပြန်လေသည်။

ကန္နီမြို့သို့ရောက်ပြီးမကြာမီတွင်ပင် မြို့သူကြီးမောင်နှံ၏ ကျောင်းဆောက်လှူဒါန်းခြင်းကို လက်ခံတော်မူသည်။ ထို့နောက် တပည့်တို့အား ကျောင်းကြီးကို လွှဲ၍ ကန္နီမြို့အနောက်တောင် ၀တ်ကုန်းအရပ်၌ ဧကစာ သီတင်းသုံး၍ ယောဂီပါရဂူ ကျမ်းကြီးကို ပြုစုတော်မူလေသည်။ ထိုအချိန်၌ သက်တော်မှာ ၄၄ နှစ်။ ၁၂၈၅ ခုနှစ်။ ဆရာတော်သည် ၀ိနည်းကို အလွန် လေးစားတော်မူသည်။ သူတစ်ပါးအားလည်း လေးစားမှ ကြိုက်သည်။ အကွဲအအက် အကြောင်းပါသော ပန်းကန်ဖြင့် ကပ်လျှင် ပန်းကန်ပါ စွန့်ပစ်လိုက်၏။ သိက္ခာပုဒ်အသေး အဖွဲကလေးမှအစ ငယ်စဉ်ကပင် ရှောင်ကြဉ် လိုက်နာလေ့ရှိသည်။ ဘုရား ၀တ်တက်ဝတ်ကပ် လေးစားမှ ကြိုက်သည်။ ဆရာတော်သည် မိမိနေရာမှ အရပ်လေးမျက်နှာရှိ ရန်ကုန် ရွှေတိဂုံ၊ သီဟိုဠ်မဟာ စေတီတော် စသော ဘုရားများစုံအောင် ဆီမီးပူဇော်ရှိခိုးပြီးမှ ကျိန်းသည်။ သက်တော် (၈၅)နှစ်ကျော်မှ ကျန်းမာရေး မျှတရုံ ကျိန်းစက်တော်မူ၍ အချိန်ရှိသမျှ စာပြန်ခြင်း၊ တရားရှုမှတ်ခြင်းဖြင့်သာ အချိန်ကုန်စေသည်။

စစ်ကိုင်းတော်ရိုး အရှေ့ပရက္ကမချောင်နှင့် အနောက်ပရက္ကမချောင် ဆရာတော်နှစ်ပါးမှာလည်း ဆရာတော်၏ တပည့်များ ဖြစ်ကြလေသည်။ ဆရာတော်ဘုရားကြီးသည် ယောဂီပါရဂူ၊ သစ္စပါရဂူ၊ သုဇနပါရဂူ၊ ၀ိဝဋ္ဋပါရဂူနှင့် သရဏပါရဂူ စသော ကျမ်းများကို ရေးသားတော်မူခဲ့လေသည်။ ငါသေရင် ရက်လည်း မထားနှင့်၊ ဘာမှလည်း မလုပ်ကြနှင့်၊ ဆွမ်းလည်းမသွတ်နှင့်ဟု မှာတော်မူလေသည်။ သို့သော် တပည့်များက အပ်စပ်သောနည်းဖြင့် ပူဇော်ပြီး အရိုးအိုး တည်ထား ကိုးကွယ်ကြလေသည်။ ကျေးဇူးရှင် ကန္နီဆရာတော်ကြီးကား ၁၃၂၈-ခုနှစ်၊ တန်ခူးလဆန်း ၁-ရက် (၁၀-၄-၁၉၆၇) တနင်းလာနေ့၊ နံနက် ၁၁း၃၀ အချိန် လွန်တော်မူသည်။

   


Ven. Kanni Sayadaw U Sobhita